Loading...

The generation gap I am afraid of

Aung Myint Myat2 min read

အညာကျေးလက်ကလူငယ်တစ်ယောက်အနေနဲ့ မြို့ပေါ်ကကျောင်းတက်တော့ တွေ့ကြုံရတဲ့ Generation Gap အကြောင်းကို ရေးသားထားခြင်းဖြစ်ပါတယ်။

Background story

ကျွန်တော်က အညာမြေလတ်ဒေသ နယ်ဘက်ကပေါ့။ 2000 - 2010 နှစ်တွေကဆိုရင် ကျွန်တော်တို့နယ်ဘက်မှာ ဘွဲ့ရတဲ့သူ လက်ချိုးရေလို့ရတယ်။ ကျွန်တော့်အဘိုး/အဘွား၊ အဖေ/အမေ ဦးလေး/အဒေါ် တို့ကလည်း ဒေသအခြေအနေ၊ ငွေရေးကြေးရေးစသည် အကြောင်းကြောင်းတွေကြောင့် ရေးတတ်ဖတ်တတ်ရုံ မူလတန်းလောက်၊ 'အ'သုံးလုံးလောက်ပဲတက်ခဲ့ရသူတွေပေါ့။ ကျွန်တော့်အလှည့်ကျမှသာ တက္ကသိုလ်တက်ခွင့်ရခဲ့တာ ("ကံကောင်းလို့"ဟုယူဆပါတယ်)။ ကျွန်တော်တော့ သူငယ်တန်းကနေ G11 အထိ ရွာက အထက(ခွဲ)ကျောင်းမှာ တက်ခဲ့တယ်။ 2021 နောက်ပိုင်း နိုင်ငံရေးမငြိမ်သက်တော့ G10 G11 ကို 2 လ၊ 3 လခန့်လောက်သာ တက်ခဲ့ရတယ်။

G 12 ကျ ကျောင်းပြောင်းရတယ်။ အဲ့ကျမှသာ ‌မြို့ပေါ်ကျောင်းပထမဆုံးတက်ဖူးတာပဲ။ G12 အောင်‌ အမှတ်အသင့်အတင့်လေးရတော့ ရန်ကုန်မှာ တက္ကသိုလ်လျှောက်ကြည့်တော့ ၀င်ခွင့်ရတယ်။ ကျွန်တော်တို့မျိုးဆက်ထဲမှာ ရန်ကုန်ကျောင်းတက်ဖူးတာ ကျွန်တော်ပထမဆုံးပေါ့။ နည်းနည်း‌တော့ ဂုဏ်ယူမိသား။

Generation gap

တက္ကသိုလ်ရောက်တော့ သိလာရတာ အခြားသောကျောင်းသား သူငယ်ချင်းတွေရဲ့ အဘိုး/အဘွား အဖေ/အမေတွေက သူတို့ခေတ်သူတို့အခါက ဘွဲ့ရတွေ၊ ကျွန်တော်တို့ အဘိုး/အဘွား၊ အဖေ/အမေတို့ထက် အမြင်ပိုကျယ်ကြတော့ သူတို့ကလေးတွေကို Supporting တအားပေးတတ်တာ။ သူတို့အဘိုး/အဘွားတွေ တည်ဆောက်ခဲ့တဲ့ Generation က မြင့်ခဲ့တော့ အဖေ/အမေတွေရဲ့ Generation က ပိုမြင့်လာတယ်။ သူတို့အလှည့်ကျ အတိုင်းအထက်အလွန်မြင့်လာရောပေါ့။

ရှင်းလင်းအောင် ဥပမာပြရရင် ကျွန်တော် G12 တုန်းက တက်ခဲ့တဲ့ကျောင်းက ဆရာကြီး(အသက် 80 ကျော်) က သူခေတ်သူ့အခါတုန်းက မန္တလေးတက္ကသိုလ်ကနေ BSc ဘွဲ့ရတယ်။ ဆရာကြီးသမီးကျ ဆေးတက္ကသိုလ် MBBS ဘွဲ့ရ။ ဆရာကြီးရဲ့မြေးကျ အခု International School တက်နေတယ်။ ပြောရရင် ကျွန်တော့်ဆရာကြီးတည်ဆောက်ခဲ့တဲ့၊ ကျွန်တော့်သူငယ်ချင်းရဲ့ အဘိုး/အဘွား၊ အဖေ/အမေတို့ တည်ဆောက်ခဲ့တဲ့ Generation ကို ကျွန်တော်က အခုမှ တည်ဆောက်နေတာ။ ဆိုတော့ Generation Gap တအားကို ကွာသွားပြီ။

လူငယ်အချင်းချင်း အသက်အရွယ်တူသူအချင်းချင်းယှဉ်လာခဲ့ရင်တောင် အထက်ကပြောခဲ့သလို Generation မျိုး ရှိတဲ့သူနဲ့ ကျွန်တော်တို့ကျ Generation Gap အကွာကြီးပေါ့ဗျာ၊ မယှဉ်နိုင်တော့ဘူး။ တခါတလေကျ အဲ့ Generation Gap ကြောင့် ကိုယ့်ကိုကိုယ် ဂုဏ်ယူမိသလိုလို၊ တ‌ခါတလေကျ အဲ့ Generation Gap ကို ကြောက်မိ‌သလိုလို။

တခါတလေတွေးမိတာ သူတို့အလကားရနေတဲ့အရာတွေကို ကျွန်တော်က တိုက်ယူနေရသလိုပဲ။ ခရီးဝေးလမ်းတခုကို သူတို့က Lamborghini နဲ့သွားနေတဲ့အချိန် ကျွန်တော်က Probox တပတ်ရစ် Engine အကျလေးနဲ့ သွားနေသလိုပုံနှယ်။ ဒီအတွေးတွေက ဓမ္မဓိဌာန်တော့ မကျဘူးပေါ့ဗျာ။ သိပေမယ့်လည်း တွေးမိနေတုန်းပဲ။

အခုတော့ ကျွန်တော် သေမလောက်ကြောက်နေတုန်းပဲ...

Aung Myint Myat

Inspired by a post - See on Facebook

Stay tuned for more posts!