Loading...

A deserted station - Minywa Lay station

Aung Myint Myat1 min read

ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေး၀န်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ခရီးသွားမှတ်တမ်း Post တခုကိုဖတ်ပြီး ကျွန်တော့်ဇာတိရွာက ဘူတာလေးအကြောင်း သတိရသွားလို့ ရေးသားထားခြင်းဖြစ်ပါတယ်။

My hometown

ကျွန်တော့်ဇာတိက မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာကျေးရွာ။ မြင်းခြံနဲ့ နွားထိုးကြီးနယ်ခြားအစပ်က ၅ ရွာအုပ်စု စံပြကျေးရွာ။ ရွာတောင်ဘက် ၂ ကီလိုမီတာလောက်အကွာမှာ ဘူတာလေးတခုရှိတယ်။ မြင်းခြံ - မန္တလေးရထားလမ်းပိုင်းအတွင်းက မင်းရွာလေး(မရလ) ဘူတာ။ ဇရပ်သာသာ ဘူတာအဆောက်အဦးလေးက သစ်သားတိုင် ၄ တိုင်၊ ကွန်ကရစ်ကြမ်းပြင်နဲ့ သွပ်မိုး၊ အကာအရံမဲ့၊ အိုမင်းဟောင်းနွမ်းနေပေမယ့်လည်း ခရီးသည်တွေအတွက်‌တော့ အသုံးပြုလို့ရနေဆဲ။ ဆေးပြယ်ပြီးတော့ မထင်မရှားဖြစ်နေတဲ့ ဘူတာလမ်းညွှန်ဆိုင်းပုဒ်လေး [ရွာကြီး] <-- [မင်းရွာ‌လေး (မရလ)] --> [လျှော်ဖြူ] ကလည်း သူ့တာ၀န်သူထမ်းဆောင်ရင်း။

Division 3 Mandalay
တိုင်းအမှတ် (၃) မန္တလေးရထားလမ်းပိုင်းများပြမြေပုံ (Source: wikimedia.org)

Minywa Lay station

ဘူတာလို့သာနာမည်တပ်ထားတာ ရုံပိုင်၊ လက်မှတ်ရောင်း၊ လက်မှတ်စစ်၊ မီးရထား၀န်ထမ်းတယောက်မှ မရှိပါဘူး။ လက်မှတ်ဝယ်ချင်ရင် ရွာမြောက်ပိုင်းက အန်တီတယောက်ဆီမှာ သွားဝယ်ရတယ်။ သူက အစိုးရဆီကနေ ကော်မရှင်စားနဲ့ပြန်ရောင်းတာလေ။ အရင်တုန်းက ရွာနဲ့ ၈ မိုင်ကျော်လောက်ဝေးတဲ့ နွားထိုးကြီးမြို့ကို လက်မှတ်တစောင်မှ ၅၀/၁၀၀ ပဲရှိတယ်။ ရထားထွက်ရက် မနက် ၈ နာရီလောက်ဆို ဘူတာကို ရထားဆိုက်ပြီ။ ရထားဥဩဆွဲသံက ရွာဘက်ကနေ အတိုင်းသားကြားရတယ်။

အဲ့ဒီဘူတာလေးကို အသုံးပြုနေတဲ့ ခရီးသည်က ဘုရားစူး နှစ်ယောက်တည်း။ ပထမတယောက် ရွာက ထ(ခွဲ)ကျောင်းမှာ ကျောင်းမုန့်ဈေးလာရောင်းနေတဲ့ အန်တီတယောက်၊ သူက အသွားအပြန် ရထားပဲစီးတဲ့သူ။ ဒုတိယတယောက်က ရွာကျောင်းမှာ "အသုံးလုံး" ခေတ်ကတည်းက စာလာသင်ပေးနေတဲ့ ဆရာကြီး၊ နာမည်က ဆရာကြီးဦးမြတ်ကိုတဲ့။ နှစ်တွေအကြာကြီး ဘူတာလေးက ခရီးသည်နှစ်ယောက်အတွက် အလွန်အင်မတန် အသုံး၀င်ခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ကာလအပိုင်းအခြား ကျွန်တော် ၁၀ နှစ်သားအရွယ်၀န်းကျင်ကပါ။ နောက်ပိုင်းနှစ်တွေမှာ ဈေးသည်အန်တီကြီးကလည်း ကျောင်းကိုဈေးလာမရောင်းတော့သလို၊ ဆရာကြီးဦးမြတ်ကိုကလည်း သက်ပြည့်ပင်စင်နဲ့ အငြိမ်းစားယူသွားတယ်။ ဘူတာရုံလေးကား ရွာ့အပြင်မှာ တကိုယ်တည်းတိတ်ဆိတ်ငြိမ်သက်လျက်။

မှတ်ချက်။ ။ ဦးသိန်းစိန်အစိုးရလက်ထက်က ပြန်ကြားရေး၀န်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ ခရီးသွားမှတ်တမ်း Post တခုကိုဖတ်ပြီး တွေးမိတာလေးရေးလိုက်တာပါ။ ဦးရဲထွဋ်ရဲ့ Post ကို Facebook မှာ သွားဖတ်လို့ရပါတယ်။

Aung Myint Myat

Stay tuned for more posts!